ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်းနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ဟားခါးမြို့ရှိ အထင်ကရနေရာများသို့ လေ့လာရေးခရီးသွားရောက်

ဟားခါး ဇွန် ၁၁

ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်းနှင့် ဒုတိယဥက္ကဋ္ဌ ဦးသန့်စင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ သည် ဇွန် ၁၀ ရက်နေ့နံနက် ၁၀ နာရီတွင် ချင်းပြည်နယ်၏ မြို့တော်ြဖစ်သည့် ဟားခါးမြို့ရှိ ထူးခြားထင်ရှားသည့် အထင်ကရနေရာများသို့ သွားရောက်လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် Chin Culture Museum သို့သွားရောက်ခဲ့ပြီး Museum မှ တာဝန်ရှိသူ သိက္ခာတော်ရဆရာတော် ဒေါက်တာနီကျုံးထန်က Museum အတွင်းရှိ ချင်းရိုးရာအိမ်၊ ချင်းရိုးရာအသုံးအဆောင်ပစ္စည်းများအား လိုက်လံရှင်းပြပြီး  လေ့လာကြည့်ရှုခဲ့ကြပါသည်။

ထို့နောက် ဟားခါးမြို့တစ်မြို့လုံး၏ သဘာဝအလှတရားများကို ရှုမြင်နိုင်သည့် View Point သို့သွားရောက်ကြပြီး ဟားခါးမြို့အထိမ်းအမှတ်ကျောက်တိုင်နှင့်အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။ ဆက်လက်ပြီး ချင်းပြည်နယ်ယဉ်ကျေးမှုပြတိုက်သို့ သွားရောက် လေ့လာခဲ့ကြပြီး ချင်းပြည်နယ်ယဉ်ကျေးမှုပြတိုက်မှ ဦးစီးအရာရှိ၊ ဦးနန်းသန်းတင်က ပြတိုက်တွင် ခင်းကျင်းပြသထားသော ချင်းလူမျိုးများ၏ မျိုးနွယ်စုအလိုက် ဝတ်စားဆင်ယင်မှုပြကွက်များ၊ ချင်းရိုးရာ ဓလေ့ပွဲတော်ပြကွက်များ၊ ချင်းရိုးရာတူရိယာပစ္စည်းပြကွက်များ၊ ချင်းရိုးရာ အသုံးအဆောင် ပစ္စည်းပြကွက်များကို လိုက်လံရှင်းလင်းပြသကာ ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်းနှင့် ဒုတိယဥက္ကဋ္ဌ ဦးသန့်စင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက လေ့လာကြည့်ရှုခဲ့ကြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား အာဟာရပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)