မြိတ် ဇွန် ၁၁
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇွန်(၁ဝ)ရက် မွန်းလွဲပိုင်းက မြိတ်မြို့ရှိ ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် ရုံးခန်းမ၌ မြိတ်ခရိုင်အတွင်းရှိ ခရိုင်/မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တွေ့ဆုံသည်။
တွေ့ဆုံရာတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက နိုင်ငံတော်အစိုးရအနေဖြင့် စစ်မှုထမ်းဟောင်းများ၏ လူမှုဘဝဖူလုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိရေးနှင့် မိသားစုများ၏ စီးပွားဘဝ မြင့်မားလာစေရေးတို့ကို အစဉ်အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စစ်မှုထမ်းဟောင်းများ၏ အခက်အခဲများ၊ လိုအပ်ချက်များကိုလည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီး တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများသည် အစိုးရတစ်ရပ်တည်း၏ တာဝန်မဟုတ်ဘဲ ပြည်သူလူထု တစ်ရပ်လုံး၏ စုပေါင်းတာဝန်ဖြစ်ကြောင်း၊ စစ်မှုထမ်းဟောင်းများအနေဖြင့် မိမိတို့၏ အတွေ့အကြုံများကို အသုံးချပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် ပရဟိတလုပ်ငန်းများတွင် ဆက်လက်ပါဝင် ဆောင်ရွက်ပေးကြရန် လိုကြောင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များမှ အခက်အခဲများနှင့် လိုအပ်ချက် တင်ပြရာ တင်ပြချက်အပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖြေရှင်းဆောင်ရွက်ပေးပြီး စစ်မှုထမ်းဟောင်းအဖွဲ့ ရန်ပုံငွေအတွက် ချီးမြှင့်ငွေကျပ်သိန်း (၁၀၀)ကိုပေးအပ်သည်။
ယင်းနောက် မြိတ်ခရိုင်/ မြို့နယ် ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအား အဆိုပါ ခန်းမတွင် ဆက်လက်တွေ့ဆုံရာ ဝန်ကြီးချုပ်က နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် တရားဥပဒေစိုးမိုးမှုနှင့် လုံခြုံတည်ငြိမ်မှုအပေါ် အခြေခံတည်ဆောက်ထားခြင်းဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးမှုမရှိဘဲ စီးပွားရေးမတိုးတက်နိုင်သကဲ့သို့ ပြည်သူများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဖော်ဆောင်နိုင်မည်မဟုတ်ကြောင်း၊ ရဲမှုထမ်းဟောင်းများအနေဖြင့် မိမိတို့ရရှိထားသည့် အတွေ့အကြုံကောင်းများကို လူငယ်မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းပေးကြရန်နှင့် ရပ်ရွာအကျိုးပြုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ နိုင်ငံတော်၏တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် ပြည်သူအားလုံး၏ ပူးပေါင်းပါဝင်မှုအပေါ် မူတည်နေပြီး ရဲမှုထမ်းဟောင်းများသည် နိုင်ငံတော်၏ တန်ဖိုးရှိသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ကြသည့်အတွက် နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် တစ်ထောင့်တစ်နေရာမှ ဆက်လက်ပါဝင်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များက တစ်ဦးချင်းမိတ်ဆက်ကြပြီး လိုအပ်သည်များကို တင်ပြကြရာ ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေး ပေါင်းစပ်ညှိနှိုင်းပေးပြီး ရဲမှုထမ်းဟောင်း အဖွဲ့အတွက် ရန်ပုံငွေကျပ် သိန်း(၃၀)နှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)