ပုလော ဇွန် ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကို ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက ပုလောမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပုလောမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းထိုက်က ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဥပဒေများ၊ အွန်လိုင်းဂိမ်းစွဲလန်းခြင်း ပြသနာများ၊ အသက်အရွယ်မပြည့်ဘဲ အိမ်ထောင်ပြုခြင်း၊ မူးယစ်ဆေးဝါးကြောင့် ဖြစ်ပေါ်နိုင်သည့် ဆိုးကျိုးများကို အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမော်က မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပွားနိုင်သည့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများကို အသိပညာပေးဟောပြော၍ မေးခွန်းများ အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မှုခင်းကြိုတင်ကာကွယ်ရေးနှင့် မှုခင်းပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး၊ ကျောင်းသား၊ ကျောင်းသူများက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) အသိပညာပေး နံရံကပ် စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ပုလော (ပြန်/ဆက်)