မတ္တရာ ဇွန် ၁၁
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် ကျန်းမာရေးအဆင့်မြှင့်ကျောင်း(မြို့နယ်အဆင့်) ဆင့်ပွားသင်တန်းကို ဇွန်လ ၁၁ ရက် နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ မြို့နယ်ကုသရေးဦးစီးဌာနမှ လက်ထောက်ဆရာဝန် ဒေါက်တာညီညီမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး သင်တန်းနည်းပြများဖြစ်သည့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးရန်အောင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်အေးလပြည့်ဖြိုးတို့မှ ကျန်းမာရေးအဆင့်မြှင့်ကျောင်း လုပ်ငန်းစဉ် ၉ ရပ် ဖြစ်သည့် ကာယနှင့်အားကစားလုပ်ငန်း၊ ကျောင်းအခြေပြု ကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်း၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်း၊ သင်တန်နှင့်သုတေသနလုပ်ငန်း၊ ကျောင်းတွင်းအာဟာရဖွံ့ဖြိုးရေးနှင့်အစားအစာများ အန္တရာယ်ကင်းဝေးရေးလုပ်ငန်း၊ ကျောင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းနှင့် လူမှုရေးပံ့ပိုးမှုလုပ်ငန်း၊ ရောဂါကာကွယ်ရေးလုပ်ငန်း၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ကျောင်းမှပြည်သူအတွင်းသို့ မူမှန်လူနေမှုဘဝဟန်များရောက်ရှိရေး လုပ်ငန်းစသည့် အကြောင်းအရာများကို ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ မတ္တရာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရွှေရာသား