ပျဉ်းမနား ဇွန် ၁၁
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်/ကျေးရွာများအရောက် လှည့်လည်ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ငှားရမ်းပေးကြသည်။
စာအုပ်ငှားရမ်းဖတ်ရှုသူများအဆင်ပြေစေရေးအတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်၌ သုတ/ရသစာအုပ်မျိုးစုံ(၂၀၀၀)ကျော်စီစဉ်ထားရှိပြီး စာအုပ်အသစ်များကိုလည်း စဉ်ဆက်မပြတ်လဲလှယ်ဖြည့်ဆည်းပေးလျက်ရှိကြောင်းနှင့် ယခုငှားရမ်းပေးခဲ့သောစာအုပ်များကို ရက်သတ္တပတ် တစ်ပတ်ပြည့်လျှင် ပြန်လည်အပ်နှံကာ စာအုပ်အသစ်များကို ထပ်မံငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ပြည်သူများ စာပေအလွယ်တကူဖတ်ရှုနိုင်စေရေးအတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်/ကျေးရွာများရှိ စာဖတ်သူများလက်ဝယ်အရောက် လိုက်လံငှားရမ်းပေးခြင်းဖြစ်ပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင်လည်း သုတ၊ရသစာအုပ်များကို မည်သူမဆိုအခမဲ့ လာရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)