မိုင်းပျဉ်း ဇွန် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ ယမ်းမိုင်ကျေးရွာအုပ်စု၊ ယမ်းမိုင်ကျေးရွာတွင် ကျိုင်းတုံခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူးကျင်းပသော MCCT အာဟာရအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျေးရွာဘက်စုံသုံးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ယမ်းမိုင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးနန္ဒက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်များအကြောင်း၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ တာန်ခံဆရာမ ဒေါ်နန်းအေးမြက ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းအကြောင်း၊ သားဖွားဆရာမ ဒေါ်ပပထိုက်က သားဆက်ခြားနည်းအကြောင်းနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်လူစီက ကိုယ်ဝန်ဆောင်မိခင်များနှင့် ကျန်းမာရေးအကြောင်းတို့ကို အသီးသီးဟောပြောဆွေးနွေးကြပြီး တက်ရောက်လာသူများက ပြန်လည်မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ ဆွေးနွေးဟောပြောပွဲအပြီးတွင် ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က ကြက်ဥများအား အစာအာဟာရအဖြစ် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအားပေးဝေခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ဆွေးနွေးဟောပြောပွဲသို့ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်စာရေးများ၊ ရွာသူရွာသားများ စုံလင်စွာတက်ရောက်ကြကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်/ဆက်)