ကာလိမြို့၌ ခိုလမ်မြို့ကုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများက ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ကွင်းဆင်းဆောင်ရွက်

ကာလိ ဇွန် ၁၁

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏လမ်းညွှန်မှုဖြင့် ခိုလမ်မြို့၊ ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာ ဝေဝေမွန်  ဦးဆောင်သော အထူးကုဆရာဝန်ကြီးများအဖွဲ့သည် ကာလိမြို့အတွင်းရှိ ပြည်သူများ၏ရောဂါဝေဒနာများအား အခမဲ့စမ်းသပ်စစ်ဆေးကုသပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီကစတင်၍ ကာလိမြို့ရှိ နမ့်ခုံးခန်းမတွင် ဆောင်ရွက် ခဲ့သည်။

ခိုလမ်မြို့၊ ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဝေဝေမွန် ဦးဆောင်၍  ခွဲစိတ်ရောဂါအထူးကု၊ သားဖွားနှင့်မီးယပ်အထူးကု၊ အထူးကု(ဓာတ်မှန်)၊ အထွေထွေရောဂါဆရာဝန်နှင့် ကျွမ်းကျင်ဆေးအဖွဲဝင်များပါဝင်သော အထူးကု ဆေးကုသရေးအဖွဲ့သည် ကာလိမြို့အတွင်းရှိ ဝေဒနာရှင် တိုင်းရင်းသားပြည်သူများကို အခမဲ့ရောဂါ ရှာဖွေစမ်းသပ်စစ်ဆေး၍ ကုသခြင်းလုပ်ငန်းများကိုဆောင်ရွက်ပေးခဲ့ပြီး ဆေးကုသမှုများ အဆင်ပြေစေရေးအတွက် ကွန်ဟိန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ကာလိမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်သူနှင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ လူမှုကူညီရေးအသင်းများနှင့် ကာလိတိုက်နယ်ဆရာဝန်နှင့်ကျန်းမာရေးဝန်ထမ်းများက ဝေဒနာရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ စမ်းသပ်ကုသခံနိုင်ရန်အတွက် ဝေယျာဝစ္စကိစ္စရပ်များနှင့် အခြားလိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို နံနက် ၉ နာရီမှ နေ့လည် ၂ နာရီအထိ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကာလိမြို့အတွင်းရှိ ရောဂါဝေဒနာရှင် ခွဲစိတ်လူနာ(၄၆)ဦး၊ သားဖွားမီးယပ်လူနာ(၂၀) ဦး၊ Ultrasound လူနာ(၅၈)ဦးနှင့် အထွေထွေရောဂါလူနာ(၁၁၀) ဦး စုစုပေါင်းလူနာ(၂၃၄)ဦးကို အခမဲ့စမ်းသပ်စစ်ဆေးကုသပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

ကာလိ(ပြန်/ဆက်)