မွန်ပြည်နယ်ဝန်ကြီးချုပ် ရော်ဘာသစ်သားထွက်ကုန်များကို ထုတ်လုပ်ခြင်းနှင့်တင်ပို့ခြင်း၊ နည်းပညာတက္ကသိုလ် (မော်လမြိုင်) ရှိ ရွှေဇီဝသဘာဝဇီဝမြေဩဇာ ထုတ်လုပ်နေမှုအားကြည့်ရှု၊ ချင်းပြည်နယ် ပြန်လည်ထူထောင်ရေး အလှူငွေပေးအပ်ခြင်း အခမ်းအနားတက်ရောက်

မော်လမြိုင် ဇွန် ၁၁

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မတီမှ ခွင့်ပြုထားသော ရာနှုန်းပြည့် မြန်မာန်ိုင်ငံသား ရင်းနှီးမြှပ်နှံမှုလုပ်ငန်းဖြစ်သည့် မော်လမြိုင်မြို့နယ်၊ ဖားအောက်ကျေးရွာရှိ MOS LUMBER PRODUCTS COMPANY LIMITED ၏ ရော်ဘာသစ်သား ထွက်ကုန်များကို ထုတ်လုပ်ခြင်းနှင့် ပြည်ပသို့ထုတ်လုပ်တင်ပို့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့အား သွားရောက်ကြည့်ရှုခဲ့သည်။

ထို့နောက် စက်ရုံအတွင်းရှိရှင်းလင်းဆောင်တွင် ကုမ္ပဏီမှတာဝန်ရှိသူက စက်ရုံ၏ လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ရော်ဘာထုတ်ကုန်များအား ပြည်ပအထိ တင်ပို့ရောင်းချ‌နိုင်ရေး ဆောင်ရွက်သွားကြရန်၊ ပြည်တွင်းဖြစ်ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ထုတ်လုပ်ကြရန် လမ်းညွှန်မှာကြားခဲ့ကာ စက်ရုံအတွင်း ရော်ဘာသစ်ခွဲများ ထုတ်လုပ်နေမှုကို လှည့်လည်ကြည့်ရှုခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ရော်ဘာသစ်သားထွက်ကုန်များကို ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့အား လှည့်လည်ကြည့်ရှု့ခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် နည်းပညာတက္ကသိုလ် (မော်လမြိုင်) ရှိ ရွှေဇီဝသဘာဝဇီဝမြေဩဇာ ထုတ်လုပ်နေမှုအား သွားရောက်ကြည့်ရှုခဲ့သည်။ ထို့နောက် ရွှေဇီဝသဘာဝဇီဝမြေဩဇာ ထုတ်လုပ်ရေးတာဝန်ခံမှ သဘာဝဇီဝမြေဩဇာ ထုတ်လုပ်ဖြန့်ဖြူးနေမှု အခြေအနေတို့အား ရှင်းလင်းတင်ပြခဲ့မှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်ပအစားထိုး ဓာတ်‌မြေသြဇာများအား အတတ်နိုင်ဆုံးလျှော့ချ၍ ပြည်တွင်းထုတ် သဘာဝ ဇီဝမြေဩဇာများအား တောင်သူများထံသို့ ဖြန့်ဖြူးပေးရန်နှင့် စက်ရုံမြေနေရာရှာဖွေပြီး လုပ်ငန်းများ တိုးတက်ကျယ်ပြန့်အောင် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ရွှေဇီဝသဘာဝဇီဝမြေဩဇာထုတ်လုပ်နေမှု၊ ကုန်ကြမ်းများ စနစ်တကျသို‌ေလှာင်ထားရှိမှုအခြေအနေတို့အား လှည့်လည်ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်‌ရေး အလှူငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ချင်းပြည်နယ် အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများလုပ်ဆောင်ရန် မွန်ပြည်နယ်အစိုးရဖွဲ့မှဦးဆောင်ပြီး ပြည်နယ်အတွင်းရှိ ပြည်သူများ၊ အလှူရှင်များပူးပေါင်းကာ အလှူငွေများကို ပေးအပ်လှူဒါန်းခြင်းဖြစ်ကြောင်း၊ ချင်းပြည်နယ် ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိရာတွင် စေတနာသဒ္ဒါတရားထက်သန်စွာ ပါဝင်လှူဒါန်းပေးခဲ့ကြသော အလှူရှင်များအား အထူးပင်ကျေးဇူးတင်ဂုဏ်ပြုပါကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်‌ရေး အလှူရှင်များမှ အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြမှုအပေါ်လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည် ပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးတို့မှ အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းခဲ့မှုအပေါ် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပြန်လည်ပေးအပ်ခဲ့ကြသည်။

မွန်ပြည်နယ်အနေဖြင့် ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်နိုင်‌ရေး ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းငွေကျပ်သိန်း (၁၆၀၀) ၊ အလှူရှင်များမှ လှူဒါန်းငွေကျပ်သိန်း (၃၄၉,၀၆၀,၀၀၀) စုစုပေါင်း လှူဒါန်းငွေကျပ်သိန်း (၅၀၉,၀၆၀,၀၀၀) ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)