ကျောက်တလုံးကြီးမြို့ ပထမနိမ္မိတသပိတ်မြတ်စေတီတော်၌ အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲကျင်းပ

ကျောက်တလုံးကြီး ဇွန် ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ ပထမနိမ္မိတသပိတ် မြတ်စေတီတော်၌ အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲကို ယမန်နေ့ ညနေက အောင်ဇမ္ဗူလောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ရာ ကျောက်တလုံးကြီးမြို့ရှိ ဆရာတော်၊ သံဃာတော်များနှင့်ဧည့်ပရိတ်သတ်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ကျောက်တလုံးကြီးမြို့ နောင်ခမ်းကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များအား နာယူကြည်ညိုကြပြီး ဆရာတော်၊သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ နောင်ခမ်းကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာ တရားနာကြားပြီး လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ထိုနောက် ဆရာတော်၊ သံဃာတော်များ ဦးဆောင်၍ တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များ၊ ဒေသခံပြည်သူများက ဗုဒ္ဓသာသနာ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဖတ်ပူဇော်၍ ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်းနှင့် အဆိုပါ အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို ဇွန်လ(၅)ရက်နေ့မှ (၁၀)ရက်နေ့အထိရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။

ဇော်နိုင်လင်း