မိုင်းခုတ် ဇွန် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ကလေးစာဖတ်ခန်း၌ ကလေးငယ်များ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ အချိန်ကိုအကျိုးရှိစွာကုန်ဆုံးစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေး ပိုမိုထက်မြက် စဉ်းစားတွေးခေါ်နိုင်စွမ်းမြင့်မားလာစေရန်ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါရုံး ကလေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃၊ ဒေါ်ဇင်မီမီထွန်းက ကလေးငယ်များစာဖတ်ခန်းသို့ လာရောက်ပြီး ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် စုပေါင်းလုပ်ဆောင်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စိတ်ကူးစိတ်သန်းများဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ဆေးရောင်ခြယ်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ မူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူ(၁၀)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ ပြိုင်ပွဲ ဝင် ကျောင်းသား၊ ကျောင်းသူများအား အာဟာရမုန့်များ ပေးဝေခဲ့ကြောင်း သိရသည်။
အဆိုပါ မိုင်းခုတ်မြို့ ကလေးစာဖတ်ခန်းတွင် ကလေးငယ်များ အသိပညာဗဟုသုတတိုးပွား စေရန်အတွက် ဆေးရောင်ခြယ်ပြိုင်ပွဲများအပြင် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲများနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းခုတ်(ပြန်/ဆက်)