မိုင်းခုတ်မြို့၌ တစ်ပိုင်တစ်နိုင် ပဲတောင့်ရှည်စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

မိုင်းခုတ် ဇွန် ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ရေသွင်းရလွယ်ကူပြီး ဂရုတစိုက်ပြုစုရုံဖြင့် အထွက်နှုန်းကောင်းမွန်သည့် ပဲတောင့်ရှည်(ပဲသီး)စိုက်ပျိုးခြင်းမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နေ့စဉ်မိသားစုအပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်းသိရသည်။

ပဲတောင့်ရှည်အပင်တွေကိုတော့ အစေ့ပျိုးထုတ်တွေ ဝယ်ယူပြီး စိုက်ပျိုးပါတယ်၊ စတင်စိုက်ပျိုးပြီး ရက်ပေါင်း (၄၅)ရက်မှ (၅၀)ခန့်အကြာတွင် စတင်ခူးဆွတ်ရောင်းချပါတယ်၊ တစ်ခါသီးပြီးဆိုရင်လည်း ရက်အတော်ကြာနေ့တိုင်းနီးပါးရောင်းနေရခြင်းကြောင့် အိမ်အတွက်နေ့စဉ်မုန့်ဖိုး၊ ဟင်းဖိုးပုံမှန်ရရှိလျက်ရှိကြောင်းကို တစ်ပိုင်တစ်နိုင်ပဲတောင့်ရှည်စိုက်ပျိုးရောင်းချသူ အမှတ်(၂)ရပ်ကွက်မှ ဒေါ်အားမီက ပြောသည်။

မိုင်းခုတ်မြို့တွင်  ဒေသထွက်ပဲတောင့်ရှည်များကို စည်ပင်သာယာဈေးမရှိသဖြင့် ပလိုင်းထဲတွင် ပဲတောင့်ရှည်များကို စီးကာတစ်စီးလျှင် နှစ်ထောင်ကျပ်ဖြင့် လိုက်လံရောင်းချကြကြောင်း၊ လတ်ဆတ်ပြီး အရသာကောင်းမွန်သည့်အပြင် ပိုးသတ်ဆေးသုံးစွဲထားခြင်းမရှိသည့်အတွက် စားသုံး သူများအကြိုက်တွေ့လျက်ရှိကြောင်း၊ စီးပွားဖြစ်စိုက်ပျိုးရောင်းချခြင်းမရှိသော်လည်း မိမိတို့၏ မြေကွက်လပ်တွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုစားဝတ်နေရေးနှင့် လူမှုစီးပွားရေးဘဝကို အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။

မိုင်းခုတ်(ပြန်/ဆက်)