တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့) ဆက်လက်ကျင်းပ

မန္တလေး ဇွန်  ၁၁

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)ကို ဇွန် ၁၀ရက် နံနက် ၁၀နာရီက မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ် နှင့်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ စုစုပေါင်း ၇၅ ဦး တက်ရောက်ကြသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးက မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း ၁၅ ခုအား သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည် ဖြေကြားကြသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့က “မန္တလေးမြို့တော်စည်ပင်သာယာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း”ကို လွှတ်တော်သို့တင်သွင်းရာ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီက “မန္တလေးမြို့တော်စည်ပင်သာယာရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း”နှင့်စပ်လျဉ်း၍ လွှတ်တော်သို့အစီရင်ခံစာဖတ်ကြား တင်သွင်းသည်။

ယင်း‌နောက် လွှတ်တော်ဥက္ကဋ္ဌက ယင်းပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းပေးသွင်းနိုင်ကြောင်းနှင့် ဆွေးနွေးမည့်နေ့ရက်ကို ကြေညာသည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)ကိုရပ်နားပြီး  အစည်းအဝေး(သတ္တမနေ့)ကို ဇွန် ၁၁ ရက် နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)