ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စာကြည့်တိုက်များ ရေရှည်ရှင်သန်စေရေး အတွက် စာအုပ်လှူဒါန်းပွဲ ကျင်းပ

နေပြည်တော်   ဇွန် ၁၀

ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ စာကြည့်တိုက်များ ရေရှည်ရှင်သန်စေရေးအတွက် စာအုပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့က ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဦး၊ ဒက္ခိဏခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့် တာဝန်ရှိသူများ၊ ဒက္ခိဏသီရိမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်သည်။

ဦးစွာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဦးက စာအုပ်၊ စာစောင်များလှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားပြီး ဒက္ခိဏခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုက စာကြည့်တိုက်များ ရေရှည်ရှင်သန်စေရေးအတွက် သက်ဆိုင်ရာဌာနများအနေဖြင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ စာကြည့်တိုက် အတွင်း/အပြင်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးနှင့် စာကြည့်တိုက်အား စာပေဖတ်ရှုသည့် ရပ်ဝန်းတစ်ရပ်ဖြစ်စေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဦးနှင့် တာဝန်ရှိသူများက စာအုပ်၊ စာစောင်များကို ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာစာကြည့်တိုက်တာဝန်ခံများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။ အခမ်းအနားအပြီးတွင် ဒက္ခိဏခရိုင်ရုံးမှ ခင်းကျင်းပြသထားသည့် သုတ/ရသ စာအုပ်စာစောင်များကို တက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

သျှင်ဦးမောင်(ဒက္ခိဏ)