မြစ်သား ဇွန် ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ် သမဝါယမဦးစီးဌာနမှ တိုင်းပြည်စားနပ်ရိက္ခာများ ပေါများလာစေရန်၊ သွင်းအားစုများထုတ်ပေးခြင်းဖြင့် ပန်းတိုင်အထွက်နှုန်းရရှိပြီး ဝင်ငွေတိုးရေးနှင့်လူမှုစီးပွားမြှင့်တင်နိုင်ရန် ရည်ရွယ်၍ (သက်တန့်ရောင်စီမံ ကိန်း)မှ စပါးနှင့်ဝါသီးနှံစိုက်သမဝါယမအသင်းသား တောင်သူများထံသို့ သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ဇွန် ၉ ရက်နေ့က ထားဝယ်အင်းကျေးရွာနှင့် မြိုင်ကုန်းကျေး ရွာတို့၌ ကျင်းပပြုလုပ်ခဲ့သည်။
သွင်းအားစုပေးအပ်ပွဲအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန် ကြားရေးမှူး ဦးအောင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒီဝင်းက လူမှုစီးပွားမြှင့်တင်ရေးရန်ပုံငွေ (သက်တန့်ရောင်စီမံကိန်း)မှ လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
လူမှုစီးပွားမြှင့်တင်ရေးရန်ပုံငွေ (သက်တန့်ရောင်စီမံကိန်း)မှ ထားဝယ်အင်းကျေးရွာတွင် သမဝါယမအသင်းသားတောင်သူ ၈၇ ဦး၏ စိုက်ဧက ၁၉၀ အတွက် ၄၄ ဒသမ ၈၄၀ သန်းနှင့်ညီမျှသော သွင်းအားစုများကို လည်းကောင်း၊ မြိုင်ကုန်းကျေးရွာတွင် သမဝါယမအသင်းသားတောင်သူ ၁၁၂ ဦး၏ စိုက်ဧက ၁၈၀ အတွက် ၄၇ ဒသမ ၆၈၀ သန်းနှင့်ညီမျှသော သွင်းအားစုများကိုလည်းကောင်း တိုင်းဒေသကြီးသမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက သွင်းအားစုများကို အသင်းသားတောင်သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။ ထို့နောက် သမဝါယမအသင်းသားတောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ဝါဝါမြင့်(မြစ်သား)