တံတားဦး ဇွန် ၁၀
နိုင်ငံတော်အစိုးရသစ်လက်ထက် ရက်(၁၀၀) “လမင်း” စီမံချက်ဖြင့် မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် UID များ ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်း၌ ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ပေးရာတွင် တံတားဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးအရာရှိ ဦးမြင့်မိုးနှင့်ဝန်ထမ်းများက အသက်(၁၀)နှစ်ပြည့် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID များ နေ့ချင်းပြီး ပြုလုပ်ဆောင်ရွက်ပေးနေမှုအား တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးသန့်နှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုကြသည်။
ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID များ ပြုလုပ်ဆောင်ရွက်ခြင်းအတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများမှ နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ရာတွင် လိုအပ်သော ထောက်ခံချက်များ ရရှိရေးအတွက် အဆိုပါကျောင်းသို့ လာရောက် ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးကြရာ တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား တစ်ဆယ့်နှစ်ဦး၊ ကျောင်းသူသုံးဆယ်ရှစ်ဦး၊ စုစုပေါင်း (၅၀) ဦးအား ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးအရာရှိထံမှ သိရသည်။
ရဲတင့် (ပြန်/ဆက်)