မိုးကောင်းမြို့၌ မြို့နယ်အဆင့် ကျန်းမာရေးအဆင့်မြင့်ကျောင်း ဆင့်ပွားသင်တန်းပို့ချ

မိုးကောင်း ဇွန် ၁၀

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော မြို့နယ်အဆင့်ကျန်းမာရေးအဆင့်မြင့်ကျောင်း ဆင့်ပွား သင်တန်းကို အ.ထ.က-၂ ရတနာခန်းမ၌ ဇွန်လ(၁၀)ရက် နံနက်(၉)နာရီတွင် ကျင်းပသည်။

ကျောင်းသားလူငယ်များ ကျန်းမာရေးနှင့် ညီညွတ်သည့် လူနေမှုဘဝပုံစံကို သိရှိကျင့်သုံးတတ်စေပြီး ကျန်းမာရေးအဆင့်မြင့် လုပ်ငန်းစဉ်များအတိုင်း ကျောင်းကျန်းမာရေးစောင့်ရှောက်မှုပေးတတ်စေရန် ရည်ရွယ်၍ ဆင့်ပွားသင်တန်းပို့ချခြင်းဖြစ်ကြောင်း သိရသည်။

ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ကျော်စွာရှိန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးစိန်လွင်က သင်တန်းဆိုင် ရာကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးသည်။

ပြည်နယ်အဆင့်သင်တန်းတက်ရောက်ခဲ့သူများမှ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းအုပ်ကြီးများ၊ အခြေခံကျန်းမာရေးဝန်ထမ်းများအား ဆင့်ပွားသင်တန်း ပြန်လည်ပို့ချပြီး အဆိုပါသင်တန်းကို ဇွန်လ(၁၀)ရက်မှ(၁၂)ရက်ထိ ကျောင်းကျန်းမာရေးလုပ်ငန်းစဉ်(၉)ရပ်အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ပို့ချမည်ဖြစ်ကြောင်းနှင့် မိုးကောင်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၃၀) ရှိကြောင်း သိရသည်။

သန်းလွင်ဦး (ပြန်/ဆက်)