ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ကွင်းဆင်း‌ဆောင်ရွက်

ဒဂုံမြောက် ဇွန် ၁၀

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ကြီးကြပ်မှုဖြင့် တာဝန်ရှိသူများက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက (၃၁)ရပ်ကွက်အတွင်းရှိ နေအိမ်များအရောက် အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဒေါ်ခင်လေးဦးနှင့်ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့်  (၃၁)ရပ်ကွက်အတွင်းရှိ လမ်းများအလိုက်အဖွဲ့များခွဲ၍ နေအိမ်တစ်အိမ်ချင်းစီသို့ကွင်းဆင်းကာ ပိုလောက်လန်းများရှိနိုင်သည့် ရေအိုး၊ ရေစည်၊ ရေခွက်များနှင့် ဘုရားပန်းအိုးများအတွင်းသို့ စစ်ဆေးကြည့်ရှုခဲ့ကြပြီး ရေသုံးစွဲနေသည့် ရေအိုးနှင့်ရေစည်များအတွင်း အဘိတ်ဆေးများခပ်ခြင်းနှင့် ပြည်သူများအား သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို အသိပညာပေး ပြောကြားခဲ့သည်။

ဆက်လက်၍ အမှတ်(၃၁)ရပ်ကွက်၊ အမက(၁၂)စာသင်ကျောင်းရှိ ကျောင်းသား/ကျောင်းသူလေးများအား မျက်စိကျန်းမာရေးစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ သည်။  

မြင့်မြင့်ရီ