တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ပဉ္စမနေ့) ကျင်းပပြုလုပ်

မန္တလေး ဇွန် ၁၀

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ကို ဇွန်လ ၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မန္တလေး၊ အောင်‌မြေသာစံမြို့နယ်ရှိ တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ စုစုပေါင်း(၇၂)ဦးတက်ရောက်ကြသည်။

အစီအစဉ်အရ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၇)ဦး မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း(၁၀)ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက်သည်။ ထို့နောက် ငါန်းဇွန်မြို့နယ် ကိုယ်စားလှယ်အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်သူ တင်သွင်းခဲ့သည့် “စစ်ဘေးကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံး၊ ပျက်စီးဆုံးရှုံးမှုများအပေါ် ပြန်လည်ပြုစုပျိုးထောင်နိုင်ရေးအတွက် ဒေသန္တရစီမံကိန်းတွင်ထည့်သွင်းရေးဆွဲ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး” အဆိုနှင့်စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်(၄)ဦးက ဆွေးနွေးခြင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးက  ပြန်လည်ရှင်းလင်းဆွေးနွေးပြီး၊ အဆိုရှင်က မှတ်တမ်းအဖြစ်ထားရှိရန် သဘောတူသဖြင့် လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏သဘောထားကိုရယူရာ လွှတ်တော်မှ သဘောတူသည့်အတွက် ၎င်းအဆိုအား မှတ်တမ်းတင်ကြောင်း ကြေညာသည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဒုတိယပုံမှန် အစည်းအဝေး(ပဉ္စမနေ့)ကို ရပ်နားပြီး အစည်းအဝေး (ဆဋ္ဌမနေ့)ကို ဇွန်လ ၁၀ ရက်နေ့နံနက် ၁၀ နာရီတွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

မြင့်မော်ထွန်း