ပြင်ဦးလွင်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပြင်ဦးလွင် ဇွန် ၁၀

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့‌မွန်းလွဲ ၂ နာရီအချိန်က ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ရွှေမိုးသူဇာက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲများ ကျင်းပရေးနှင့် အထိမ်းအမှတ်အခမ်းအနားနေ့တွင် ဆုပေးပွဲကျင်းပရေး၊ အကပဒေသာများ ဖျော်ဖြေရေးနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးတို့အတွက် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါက်တာမြတ်စိုးမိုးက အခမ်းအနားကျင်းပနိုင်ရေးအတွက် အသေးစိတ်ရှင်းလင်းပြောကြားခြင်းနှင့် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လွန်းနန်းထွေးက သတင်းမှတ်တမ်းရယူရေး၊ အခမ်းအနားကျင်းပနိုင်ရေး၊ ပူးပေါင်းဆောင်ရွက်မည့်အကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အလုပ်အမှုဆောင်များမှ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတစ်ကျောင်းသို့ စာရေးကိရိယာများ၊ အာဟာရများ သွားရောက်လှူဒါန်းနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ပြီး ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ရွှေမိုးသူဇာက နိဂုံးချုပ်ဖြည့်စွက်အမှာစကားပြောကြားကာ အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

သွေးသွေး (ခရိုင် ပြန်/ဆက်)