မြစ်ကြီးနား ဇွန် ၁၀
တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ဇွန် ၉ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေးနှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံက ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ အစီအစဉ်များကိုကြေညာပြီး အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူကာ အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာသည်။
ထို့နောက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၁)ဦးက လွှတ်တော်ဥက္ကဋ္ဌ ရှေ့မှောက်၌ ကတိသစ္စာပြုကာ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးပြီး ပူတာအိုမြို့နယ်မဲဆန္ဒနယ်၊ ကိုယ်စားလှယ်အမှတ် (၂) ဦးခေါ်ဆာ၊ မိုးကောင်းမြို့နယ်မဲဆန္ဒနယ်၊ ကိုယ်စားလှယ်အမှတ် (၁) ဦးနေလင်းစိုးတို့က လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနဆိုင်ရာ မေးခွန်း (၂)ခုကို လည်းကောင်း၊ တနိုင်းမြို့နယ်မဲဆန္ဒနယ်၊ ကိုယ်စားလှယ်အမှတ်(၁) ဦးကောင်ဆိုင်းလနှင့် ဝိုင်းမော်မြို့နယ်မဲဆန္ဒနယ် ကိုယ်စားလှယ်အမှတ် (၁) ဒေါ်မိုးသီတာသိန်း တို့က လူမှုရေးရာဝန်ကြီးဌာနဆိုင်ရာ မေးခွန်း (၂)ကို လည်းကောင်း၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနဆိုင်ရာမေးခွန်း (၂)ကို လည်းကောင်း၊ စည်ပင်သာယာရေး ဝန်ကြီးဌာနဆိုင်ရာ မေးခွန်း(၁)ခုကို လည်းကောင်း စုစုပေါင်းမေးခွန်း (၇)ခုကိုမေးမြန်းကြရာ သက်ဆိုင်ရာ ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်များက မေးခွန်းများကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။
ထို့နောက် မိုးကောင်းမြို့နယ်မဲဆန္ဒနယ်၊ ကိုယ်စားလှယ်အမှတ်(၁)ဦးနေလင်းစိုးက ကချင်ပြည်နယ် အတွင်း မိုဘိုင်းဖုန်းဆက်သွယ်ရေးနှင့် အင်တာနက် ဆက်သွယ်ရေးလိုင်းများ ကောင်းမွန်စွာရရှိ ဆောင် ရွက်ပေးနိုင်ရန် ကချင်ပြည်နယ်အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း အဆိုတစ်ခုကို ဆက်လက် တင်သွင်းရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်တွင် လက်ခံဆွေးနွေးရန် သင့်/မသင့် လွှတ်တော်၏ အဆုံးအဖြတ်ကိုရယူကာ ဆွေးနွေးမည့် နေ့ရက်နှင့် ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခဲ့သည်။
ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်နယ်လွှတ်တော် ဥပဒေလေ့လာစိစစ်ရေးနှင့် အကြံပေးကော်မတီဖွဲ့စည်းရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌက အဆိုပါ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက ကော်မတီတွင် ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေ ၁၂ ဦးတို့၏ အမည်စာရင်းနှင့် ကော်မတီဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေး၊ အတွင်းရေးမှူးအဖြစ် ဦးစိုးမင်း၊ တရားလွှတ်တော်ရှေ့နေ့တို့ဖြစ်ကြောင်း လွှတ်တော်သို့တင်ပြပြီး ၂၀၁၃ ခုနှစ်၊ ကချင်ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများကို ထုတ်ပြန်ထားကြောင်း ကြေညာကာ အစည်းအဝေးပထမနေ့ကို ရပ်နားလိုက်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)