အလုံ ဇွန် ၉
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲနှင့် ကာယ၊ ဥာဏပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲကိုကိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးအောင်စိုးက လူငယ်နှင့် စာဖတ်ခြင်းအကျိုးကျေးဇူးအကြောင်း အသိပညာပေးပြောကြားခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိအိမွန်က လူငယ်နှင့်စာပေအကြောင်း ဟောပြောခြင်းနှင့် အ.ထ.က (၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သလ္လာထွန်းက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် ဥာဏပြိင်ပွဲများဖြစ်သော ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများက ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ကာယပြိုင်ပွဲများဖြစ်သော ခါးလှည့်ကွင်းTeam Work ပြိုင်ပွဲ၊ ခွက်ကောက်ပြိုင်ပွဲ၊ ပူဖောင်းလေဖြင့်ခွက်များကို မှုတ်ချခြင်း ပြိုင်ပွဲများအား ကျင်းပခဲ့ပြီး ဆုရရှိသော ကျောင်းသား/သူများအား မေတ္တာလက်ဆောင်ဆုများကို တာဝန်ရှိသူများက အသီးသီးချီးမြှင့်ပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲကိုကိုနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်များ၊ နံရံကပ်ပြဘုတ်များအား စိတ်ပါ၀င်စားစွာ ကြည့်ရှုခဲ့ကြပြီး အခမ်းနားသို့ ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ရွှေလုံသား