သင်္ဃန်းကျွန်း ဇွန် ၉
ရန်ကုန်တိုင်းဒေကြီး သင်္ဃန်းကျွန်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးဟစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ (အကြို) ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများအား ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ သင်္ဃန်းကျွန်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် မူးယစ်ဆေးဝါးသည် ကျားမ၊ မရွေး အသက်အရွယ်မရွေး စိတ်အလိုလိုက်မိပါက လူနေမှုဘဝ ဆုံးရှုံးခြင်းအပြင် အသက်အန္တရာယ်ကိုပါ ဆုံးရှုံးနိုင်ကြောင်း၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့်လည်း မူးယစ်ဆေးဝါးအား စမ်းသပ်ခြင်း၊ သုံးစွဲခြင်းများ မပြုလုပ်မိစေရန် တိုက်တွန်းပြောကြားလိုကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။ ထို့နောက် စာရေးဆရာမ ပေါက်ပေါက်က မူးယစ်ဆေးဝါးနှင့် သက်ဆိုင်သည့် သတိပြုဖွယ် အကြောင်းအရာများအား ဆက်လက်ပြောကြားခဲ့သည်။ ယင်းနောက် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲတို့အား ဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ ဝင်ရောက်ယှဥ်ပြိုင်ကြသည်။ ဆက်လက်ပြီး ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ဆုရ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ပြိုင်ပွဲအခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်းနှင့် ဝန်ထမ်းများ၊ စာရေးဆရာမ ပေါက်ပေါက်၊ အခြေခံပညာကျောင်းများမှ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
ဇော်မိုး (သင်္ဃန်းကျွန်း)