တာမွေမြို့နယ်၌ ဘေးအန္တရာယ်အမျိုးမျိုးနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲကျင်းပ

တာမွေ      ဇွန်      ၉

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည် ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရုံး မေတ္တာစံအိမ်ခန်းမ၌ ယနေ့နံနက်ပိုင်းအချိန်က မူးယစ်ဆေးစွဲသူများ ပြန်လည် ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ရက်(၁၀၀) စီမံချက်ဖြင့် မူးယစ်ဆေး ဖြတ်သင်တန်းသားများအား ဘေးအန္တရာယ်အမျိုးမျိုးနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး  ဆွေးနွေးဟောပြောခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌ ဦးစံရှိန်က ပွဲကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးအာကာမင်းခင်က မီးဘေးအန္တရာယ်အပါအဝင် လေဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေး စသည်ဖြင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်းများနှင့် ကြိုတင်ပြင် ဆင်ထားရမည့် အချက်များအား အသေးစိတ် အသိပညာပေး ရှင်းလင်းဆွေးနွေးဟောပြောခဲ့သည်။ ထို့နောက် တက် ရောက်လာကြသူများမှ သိရှိလိုသည်များကို မေမြန်းခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေ ကြားပေးခဲ့ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ လက်တွေ့ဇာတ်တိုက် သရုပ်ပြလေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။ ယင်နောက် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌ ဦးစံရှိန်က အသိပညာပေး ဟောပြောဆွေးနွေးပေးခဲ့သည့် သက်ဆိုင်ရာတာဝန်ရှိသူအား ဂါရဝပြုလက်ဆောင်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ တာဝန်ရှိသူများနှင့် မူးယစ်ဆေးဖြတ်သင်တန်းသားများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းနှင့် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟို အနေဖြင့် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လုပ်ငန်းစီမံချက်များနှင့်အညီ ရပ်ရွာအခြေပြုသင်တန်း တက်ရောက်နေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မူးယစ်ဆေးဖြတ် သင်တန်းသားများအား စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်နှင့် အသိဉာဏ်ပညာ ဗဟုသုတများ တိုးပွားစေရန်တို့အတွက် ရည်ရွယ်၍ အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အသိပညာပေး ဆွေးနွေး ဟောပြောပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

နိုင်လင်းအောင်(ပြန်/ဆက်)