ဒလ ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှုလေ့လာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က အောင်မင်္ဂလာရပ်ကွက်ရှိ အမှတ် (၇) အခြေခံပညာမူလတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ဦးစွာ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝေနိုင်ထွန်းက လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးပြောကြားရာတွင် စာဖတ်ခြင်းသည် လူငယ်တွေအတွက် အနာဂတ်ဘဝကို တည်ဆောက်ရာမှာ အရေးပါသည့် အလေ့အကျင့်ကောင်းတစ်ခုဖြစ်ကြောင်း၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတ၊ အတွေးအခေါ်များ ကျယ်ပြန့်၍ အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းနိုင်ကြောင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ ဘောဂ၊ မိတ္တ စတဲ့ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး လူငယ်တိုင်းနိုင်ငံ့သားကောင်းများ ဖြစ်လာစေရန် စာပေများလေ့လာဖတ်ရှုသင့်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လိမ္မာရေးခြားရှိစေရေး အသိပညာ၊ အတက်ပညာသာမက ပြင်ပစာပေဗဟုသုတများ လေ့လာရမည်ဖြစ်ကြောင်းနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောခဲ့သည်။
ဟောပြောပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
ခင်စန္ဒာမြင့် (ပြန်/ဆက်)