ပုဇွန်တောင်မြို့နယ်၌ လုပ်ငန်းရှင်များကို တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အခွန်အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲပြုလုပ်

ပုဇွန်တောင် ဇွန် ၉

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အခွန်အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးကြည်ဖေလင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးမြဦးက မြို့နယ်အတွင်းရှိ စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ ဟိုတယ်နှင့် တည်းခိုခန်းလုပ်ငန်းရှင်များ၊ ရွှေထည်လက်ဝတ်ရတနာရောင်းချသည့် လုပ်ငန်းရှင်များနှင့် လက်ကိုင်ဖုန်း (Handset) နှင့် စပ်ဆက်ပစ္စည်းများ ရောင်းချ/  ဝန်ဆောင်မှု ဆောင်ရွက်သည့် လုပ်ငန်းရှင်များအား ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သိသင့်သိထိုက်သည်များနှင့် ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဌာန်းချက်များကို အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး တက်ရောက်လာသည့် လုပ်ငန်းရှင်များမှ သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်အခွန်ဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း‌ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ဟန်စုယဉ် (ပြန်/ဆက်)