မိုးကောင်းမြို့နယ် ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

မိုးကောင်း ဇွန် ၅

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဝေဘာလတောင်ခြေ ရွှေကျီးမြင်ဘုရားအနီး၌ နံနက် (၉) နာရီတွင် ကျင်းပပြုလုပ်သည်။

သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရန်အတွက် အဓိကအရေးပါသော လုပ်ငန်းစဉ်သည် သစ်တောသစ်ပင်များ စိုက်ပျိုးထိန်းသိမ်းခြင်းဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော အန္တရာယ်များမှကာကွယ်ရာတွင် သစ်တောသစ်ပင်သည်အရေးကြီးပြီး စိုက်ပျိုးခြင်းနှင့်ထိန်းသိမ်း ခြင်းလုပ်ငန်း (၂) ရပ်ကို ဟန်ချက်ညီညီဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်၍ ပြည်သူများ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်စေခြင်းဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းဖြစ်သည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌကိုယ်စား အတွင်းရေးမှူး ယာယီရဲမှူး မြင့်ထွန်းသိန်းမှ အဖွင့်အမှာစကားပြောကြားပြီး အဖွဲ့ဝင်များက တက်ရောက်လာသည့် ဌာနဆိုင်ရာကိုယ်စားလှယ်များထံ ပျိုးပင်များပေးအပ်ကြသည်။

ထို့နောက်တက်ရောက်လာသော မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲနှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများက ကျွန်းအပင် (၃၀၀)၊ ပျဉ်းကတိုး အပင် (၃၀၀)၊ ပျဉ်းမအပင် (၂၀၀)၊ မန်ဂျန်ရှားအပင် (၁၅၀) စုစုပေါင်းပျိုးပင် (၉၅၀) ပင်အား စိုက်ပျိုးကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)