နေပြည်တော် ဇွန် ၆
နေပြည်တော်ကောင်စီဝင်ဦးထွန်းထွန်းသည် တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်၊ အမှတ်(၆)ရပ်ကွက်ဓမ္မာရုံ၌ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့နှင့် ပူးပေါင်းကျင်းပသည့် မိုးရာသီကာလတွင် ဖြစ်ပွားတတ်သောရောဂါများ ကြိုတင်ကာကွယ် နှိမ်နင်းရေး လုပ်ငန်းများဆောင်ရွက်သည့် အခမ်းအနားသို့ တက်ရောက်သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဦးထွန်းထွန်းက အမှာစကား ပြောကြားရာတွင် နေပြည်တော်အတွင်း မိုးရာသီကာလတွင် ဖြစ်ပွားတတ်သောရောဂါများ ကြိုတင်ကာကွယ် နိုင်ရေးအတွက် ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအား လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ခြင်နှင့်ယင်ကြောင့် သွေးလွန်တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမှုများပြားသည်ကို တွေ့ရှိရကြောင်း၊ သွေးလွန်တုပ်ကွေးသည် အဓိကကူးစက်မြန်ရောဂါကြီးတစ်ခုဖြစ်ပြီး အချိန်ရာသီမရွေး၊ အသက်အရွယ်မရွေး ဖြစ်ပွားတတ်ကြောင်း၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ၂၀၂၆ ခုနှစ်၊ မတ်လမှစတင်၍ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ အဘိတ်ဆေးခတ်ခြင်းနှင့် ကျန်းမာရေးပညာပေးခြင်း လုပ်ငန်းများကို အုပ်ချုပ်ရေးအဖွဲ့အစည်း၊ နှီးနွယ်ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူလူထုနှင့်ပူးပေါင်း၍ စနေနေ့တိုင်းဆောင်ရွက်ရန် လျာထားကာ ယခုလယ်ဝေးမြို့တွင် ပထမဆုံး ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်ခြင်းအပြင် ပုံမှန်လုပ်ငန်းဆောင်ရွက်မှုအနေဖြင့်လည်း မိမိတို့သက်ဆိုင်ရာကဏ္ဍများအလိုက် ပံ့ပိုးကူညီဆောင်ရွက်ပေးကြရန် စသည်ဖြင့် ပြောကြားသည်။
ထို့နောက် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယဌာနမှူး ဒေါက်တာကေခိုင်ဖြိုးက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအခြေအနေနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများအကြောင်းနှင့် လယ်ဝေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ အဘိတ်ဆေးအသုံးပြုခြင်းနှင့် ရပ်ကွက်အတွင်းသို့ အဖွဲ့များခွဲ၍ ဆောင်ရွက်မည့်အကြောင်း အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့ အမှတ်(၆) ရပ်ကွက်အတွင်းရှိနေအိမ်များတွင် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)