ကျိုင်းတုံ ဇွန်၇
ရှမ်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူနှင့် တာဝန်ရှိသူများသည် ကျိုင်းတုံမြို့ သာယာလှပရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဇွန် ၅ ရက်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ဦးစွာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူ သည် ကျိုင်းတုံမြို့၊ ယန်းခမ်းဈေး အဆင့်မြှင့်တင်တည်ဆောက်ခြင်းလုပ်ငန်းအား ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နိုင်ရေးအတွက် (EOI)စိတ်ဝင်စားမှုအဆိုပြုလွှာ စိစစ်ရွေးချယ်ခြင်းအခမ်းအနားတွင် အမှာစကား ပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ (EOI)စိတ်ဝင်စားမှုအဆိုပြုလွှာ လျှောက်ထားတင်ပြသည့် ကုမ္ပဏီများ၏ (EOI)စိတ်ဝင်စားမှုအဆိုပြုလွှာ စိစစ်ရွေးချယ်ခြင်း လုပ်ငန်းစဉ်များဆောင်ရွက်ကြသည်။
ထို့နောက် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးသည် ကျိုင်းတုံမြို့အထင်ကရနောင်တုံကန် သန့်ရှင်းသာယာရေးနှင့် ကန်ပတ်လမ်းရှိ ပန်းခြံနှင့် လေ့ကျင့်ခန်းသုံး အားကစားပစ္စည်းများ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးသည် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနခွဲ (ကျိုင်းတုံ)တွင် ပြည်နယ်အရန်ကတ္တရာလက်ကျန်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျိုင်းတုံမြို့ အမှတ်(၃)ရပ်ကွက်ရှိ သစ်ခွလမ်းနှင့် ခတ္တာလမ်း ကတ္တရာလမ်းဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးသည် ကျိုင်းတုံမြို့ အမှတ်(၅)ရပ်ကွက်ရှိ ဟိုခုံဈေးဆိုင်ခန်းများနှင့် ကားပါကင်တည်ဆောက်ရေးစီမံကိန်းနှင့် ယန်းခမ်းအဝေးပြေး ယာဉ်ရပ်နားစခန်း အဆင့်မြှင့်တင်တည်ဆောက်ရေးစီမံကိန်းများတွင် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးသည် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနခွဲ (ကျိုင်းတုံ)တွင် စည်ပင်သာယာရေးဌာနဝန်ထမ်းများနှင့်တွေ့ဆုံရာ ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနခွဲ(ကျိုင်းတုံ)တာဝန်ခံ ဦးစိုင်းခွန်ဇော်ဦးနှင့် မြို့နယ်အမှုဆောင်အရာတို့က လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့အပြင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးသည် ကျိုင်းတုံမြို့ သစ်တစ်ပင်တောင် အပန်းဖြေ စခန်းဖွင့်လှစ်ထားရှိမှု၊ ဟိုက်ပါအဆင့်မြှင့်ဈေးဖွင့်လှစ်ထားရှိမှု၊ မြို့အဝင်ကုန်တင်ယာဉ်များ ရပ်နားစခန်းထားရှိမှု၊ ကျိုင်းတုံမြို့ ရေပေးဝေရေးစခန်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် လွိုင်မွေကန် ပတ်လည်ခြံစည်းရိုးကာရံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)