တိုက်ကြီး ဇွန် ၇
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ဇွန်လ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီက မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ရန်ကုန်-ပြည် ကားလမ်းပေါ်သို့ သစ်ပင်လဲကျ၍ လမ်းပိတ်ဆို့နေမှုအား မီးသတ်ဦးစီးဌာနမှ ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ချစ်ထက် ဦးဆောင်ကာ မီးသတ်တပ်ဖွဲ့ဝင်များက လေပြင်းတိုက်ခတ်မှုကြောင့် ရန်ကုန်-ပြည် ကားလမ်းပေါ်သို့ အမြစ်ပွ၍ လဲကျနေသော လုံးပတ် ၂ ပေခန့်၊ အမြင့်ပေ ၄၀ ခန့်ရှိ စိန်ပန်းပင်အား ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ခရီးသွားပြည်သူများနှင့်ယာဉ်များ ပုံမှန်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)