မူဆယ်မြို့တွင် ရက် (၁၀၀)စီမံချက်ဖြင့် မူဆယ်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ နယ်လှည့်ကွင်းဆင်း၍ (အခမဲ့) ဆေးကုသပေး

မူဆယ် ဇွန် ၇

ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အစိုးရသစ်လက်ထက် ရက်(၁၀၀)စီမံချက်ဖြင့် မူဆယ်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်(ဟိုနားရပ်)တွင် နယ်လှည့်ကွင်းဆင်း ဆေးကုသခြင်းကို ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ နယ်လှည့်ကွင်းဆင်း ဆေးကုသရာတွင် မူဆယ်ပြည်သူ့ဆေးရုံကြီးမှ ခရိုင်ဆရာဝန်ကြီး ဒေါက်တာအောင်မြင့်ထွန်းက ဦးဆောင်၍ သမားတော်ကြီး၊ အရိုးအထူးကုဆရာဝန်ကြီး၊ သွားနှင့်ခံတွင်းဆရာဝန်ကြီး၊ ကလေးအထူးကုဆရာဝန်ကြီး၊ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးနှင့် သူနာပြုဆရာ/ဆရာမများ လိုက်ပါလျက် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက် (ဟိုနားရပ်)၊ လူငယ်ဇရပ်တွင် ပြည်သူများ၏ ကျန်းမာရေးလိုအပ်ချက်များကို ကြည့်ရှုကုသ ဆောင်ရွက်ပေးခဲ့ကြသည်။ ပထမဦးစွာ လူနာမှတ်တမ်းတွင်စာရင်းရေးသွင်း၍ သွေးပေါင်ချိန်ခြင်း၊ ကလေးများ ပေါင်ချိန်ခြင်း၊ ဆီးချို၊ သွေးချို စစ်ဆေးခြင်းများဆောင်ရွက်ပြီး သက်ဆိုင်ရာ ဆရာဝန်ကြီးများထံ ပြသ၍ လိုအပ်သည့် ဆေးကုသမှုများကို ဆောင်ရွက်ပေးခဲ့သည်။

ယင်းသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဆရာဝန်ကြီးများ၏ ဆေးကုသခြင်းများအပြင် ကလေးငယ်များအား ဗီတာမင်(အေ) တိုက်ကျွေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်း အစီအစဉ်များကိုပါ ထည့်သွင်းဆောင်ရွက်ခဲ့ကြသည်။ ယနေ့တွင် လူနာစုစုပေါင်း (၂၉၄)ဦးအား (အခမဲ့) ဆေးကုသပေးနိုင်ခဲ့ကြောင်းနှင့် အဆိုပါကွင်းဆင်းဆောင်ရွက်သည့်နေရာသို့ မူဆယ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လင်းမှ လာရောက်ကြည့်ရှုပြီး အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)