ရန်ကုန် ဇွန် ၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မှော်ဘီခရိုင်မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းများအနက်မှ အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းဖြင့် စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာအုပ်စု၊ ရှမ်းကုန်းကျေးရွာ၊ သာသနာ့ရက္ခိတဓမ္မာရုံ၌ ယနေ့နေ့လယ် ၁ နာရီတွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်၊ မှော်ဘီမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်၊ မှော်ဘီခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ မှော်ဘီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ မှော်ဘီမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းရှင် "ဆရာဘိုင်အို" လူသုံးကုန်လုပ်ငန်း၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ စီမံကိန်းကော်မတီဝင်များ၊ သင်တန်းနည်းပြများ၊ ရပ်မိရပ်ဖများနှင့် သင်တန်းသား/သူများ တက်ရောက်ကြသည်။
ဦးစွာ မှော်ဘီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်မှ သင်တန်းအဖွင့်အမှာစကား ပြောကြားခဲ့ပြီး မှော်ဘီမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးဝင်းစိုးမှ မိတ်ဆက်စကားပြောကြားခဲ့သည်။ ဆက်လက်၍ မှော်ဘီခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စုမွန်ဦးက ဌာန၏လုပ်ငန်းဆောင်ရွက်နေမှုများ၊ အသက်မွေးဝမ်းကျောင်းသင်တန်း ဖွင့်လှစ်ပေးနေမှုများ၊ စားသောက်ကုန် လူသုံးကုန်လုပ်ငန်းများအား ဓာတ်ခွဲစမ်းသပ်ပြီး ဈေးကွက်တွင် ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြန့်ဖြူးရောင်းချနိုင်စေရန် လုပ်ငန်းမှတ်ပုံတင် ဆောင်ရွက်ပေးနေမှုများနှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။ အသေးစားစက်မှုလက်မှုလုပ်ငန်းရှင် "ဆရာဘိုင်အို" လူသုံးကုန်လုပ်ငန်းမှ ဌာနမှ ဖွင့်လှစ်သည့် သင်တန်းများတက်ရခြင်းမှ ရရှိလာသည့်အကျိုးကျေးဇူးများ၊ ဌာနတွင် လုပ်ငန်းမှတ်ပုံတင်ခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများနှင့် ပတ်သက်၍ အားပေးစကားပြောကြားခဲ့သည်။
ကျေးရွာရပ်မိရပ်ဖ ဦးဝင်းတင်က မိမိတို့ကျေးရွာသို့ ယခုလို စီမံကိန်းသင်တန်း အကောင်အထည်ဖော် ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။ ၎င်းနောက် သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များမှ သင်တန်းသား/သူများအား သင်တန်းသုံး သင်ထောက်ကူပစ္စည်းများ ပေးအပ်၍ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ယခုဖွင့်လှစ်သော စက်ချုပ်နည်းပညာသင်တန်းတွင် သင်တန်းသား/သူ(၁၅)ဦးအား ရင်စေ့/ရင်ဖုံး အင်္ကျီချုပ်နည်း၊ သုံးလွှာစကပ်ချုပ်နည်း၊ ချိတ်စကပ်ချုပ်နည်း၊ အမျိုးသမီးဝတ် ဘလောက်အင်္ကျီ၊ အမျိုးသမီးရှပ်အင်္ကျီ၊ ကလေးဝတ်အင်္ကျီ၊ ဘောင်းဘီချုပ်နည်းနှင့် စက်ချုပ်နည်းအမျိုးမျိုးတို့ကို ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်သည်အထိ ဇွန်လ (၅) ရက်နေ့မှ ဇူလိုင်လ (၂၇)ရက်နေ့ အထိ (၁)လခွဲကြာ စာတွေ့၊ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ်လုပ်ငန်း ထူထောင်မည့် ထူးချွန်သင်တန်းသား(၅)ဦးအား သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)