ဗိုလ်တထောင် ဇွန် ၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ပညာရာမိကမဟာ(အေ) ဘုန်းကြီးကျောင်း ဓမ္မာရုံတွင် ယမန်နေ့ နေ့လည် (၃)နာရီခွဲအချိန်က ရက် ၁၀၀ စီမံချက်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဗိုလ်တထောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်က စာဖတ်ခြင်းအကျိုးကျေးဇူးများအကြောင်းခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခြင်း၊ မြို့နယ်တိုင်းရင်းဆေးကုသဌာန မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးချမ်းမိုးက “တိုင်းရင်းဆေးပညာမိတ်ဆက်နှင့် မိုးရာသီတွင်ဖြစ်ပွါးသောရောဂါများ” အကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသော သံဃာတော်များနှင့်လူပုဂ္ဂိုလ်များအား တိုင်းရင်းဆေးဖြင့် အခမဲ့စမ်းသပ်ကုသပေးပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသော မူးယစ်အန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ရသစာအုပ်များကို စိတ်ဝင်စားစွာကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
ခင်ဝင်း( ပြန်/ဆက်)