နေပြည်တော် ဇွန် ၆
နေပြည်တော်ရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းကဏ္ဍအတွင်း MSME ဒေသတွင်းထုတ်ကုန်များ သုံးစွဲမှုမြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ ရွှေစံအိမ်ဟိုတယ်၌ကျင်းပရာ ဆွေးနွေးပွဲသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့်အသင်းဝင်များ၊ နေပြည်တော် MSME အသင်းဥက္ကဋ္ဌနှင့်လုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များ၊ ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက အမှာစကားပြောကြားရာတွင် နေပြည်တော်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟိုတယ်နှင့်တည်းခိုရိပ်သာများအနေဖြင့် ဒေသထွက်ကုန်ပစ္စည်းများ၊ တစ်ပိုင်တစ်နိုင်ထုတ်လုပ်နေသည့် အိမ်တွင်းမှု စားသောက်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းများသည်လည်း အလွန်အရေးကြီးသည့် အခန်းကဏ္ဍတွင်ပါဝင်သည့်အတွက် အလုံးစုံဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ MSME ထုတ်ကုန်လုပ်ငန်းများ ဆောင်ရွက်ရာတွင် သမဝါယမစနစ်ဖြင့်ဆောင်ရွက်၍ ရသကဲ့သို့ တစ်ဦးချင်း၊ တစ်ယောက်ချင်းအနေဖြင့်လည်း တစ်ပိုင်တစ်နိုင်ဆောင်ရွက်နိုင်ပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကုန်ကြမ်းအရင်းအနှီး၊ သွင်းအားစုများနှင့် လူသားအရင်းအမြစ်များ လိုအပ်သည့်အတွက် ကုန်ကြမ်းများကို ပြည်ပမှဝယ်ယူ၍ ဆောင်ရွက်ခြင်းထက် ဒေသအတွင်းမှထွက်ရှိသည့် ကုန်ကြမ်းများကိုအသုံးပြု၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဆိုပါက များစွာအကျိုးဖြစ်ထွန်းစေနိုင်မှာဖြစ်ပါကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်တဲ့ လူသားအရင်းအမြစ်များရရှိစေရေးအတွက် စာတွေ့၊ လက်တွေ့သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ခြင်းနှင့် ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ စဉ်ဆက်မပြတ်ရရှိရေးအတွက် ကုန်ထုတ်လုပ်မှုများဆောင်ရွက်ရာတွင် ကုန်ကြမ်းပြတ်လပ်မှု မရှိစေရေးအတွက် အမျှော်အမြင်ရှိရှိ ကြိုတင်ဆောင်ရွက်ထားကြရန် လိုအပ်တာကို သတိပြုကြစေလိုကြောင်း၊ ခရီးသွားမြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် မြှင့်တင်ဆောင်ရွက်ကြသည့်အခါတွင် ထုတ်ကုန်များ၊ အစားအစာများ၊ အမှတ်တရလက်ဆောင်များသည်လည်း ဒေသအလိုက် ကိုယ်စားပြုမှုကို ဖော်ပြတာဖြစ်တဲ့အတွက် MSME ထုတ်ကုန်များအား ပိုမိုအဆင့်မြင့်မားစွာ ဈေးကွက်မှာ နေရာရရှိလာစေရန်၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း လုပ်ကိုင်နေကြသည့် ပုဂ္ဂလိကအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ အနေဖြင့်လည်း ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြစေလိုပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် တိုးမြှင့်အကောင် အထည်ဖော်နိုင်မည်ဆိုပါက နေပြည်တော်ဒေသ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်သည့်အပြင် MSME ကဏ္ဍတစ်ရပ်လုံး၏ တိုးတက်ပြောင်းလဲ မှုကိုလည်း အထင်အရှား မြှင့်တင်နိုင်မည်ဟု ယုံကြည်မျှော်မှန်းပါကြောင်း၊ ထို့ကြောင့် ယနေ့အလုပ်ရုံဆွေးနွေးပွဲမှ စတင်ကာ အစိုးရ၊ ပုဂ္ဂလိကနှင့် သက်ဆိုင်ရာလုပ်ငန်း ရှင်များအားလုံးအတူတကွ လက်တွဲပူးပေါင်း၍ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဟိုတယ်လုပ်ငန်းရှင်များအသင်း၊ နေပြည်တော်MSMEအသင်းဥက္ကဋ္ဌနှင့် ခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက MSME ထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အစီအမံများ၊ ခရီးသွားမြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ခင်းကျင်းပြသထားသည့် MSME ထုတ်ကုန်များကိုလှည့်လည်ကြည့်ရှုအားပေးကာ MSME လုပ်ငန်းရှင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ ကြောင်းသိရသည်။
အောင်သူရဦး(ဒက္ခိဏ)