ဇမ္ဗူသီရိမြို့နယ်၌ ဈေးခုနစ်ဈေးမှ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးသင်တန်းဆင်းပွဲ ကျင်းပ

နေပြည်တော် ဇွန် ၆

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဈေးများတွင် မီးဘေးလုံခြုံရေးနှင့် အရေးပေါ်မီးငြှိမ်းသတ်ရေးလုပ်ငန်းများကို အချိန်မီတုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် မြို့မဈေး၊ သပြေကုန်းဈေး၊ ရွှေကြာပင်ဈေး၊ အင်ကြင်းဈေး၊ ဂန္ဓမာဈေး၊ သရဖီဈေးနှင့် ချယ်ရီဈေးတို့မှ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၄ နာရီတွင် ဇမ္ဗူသီရိမြို့နယ် မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ စျေးများဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဇော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ငွေ၊ ဇမ္ဗူသီရိမြို့နယ်မီးသတ်ဦးစီးမှူး ဦးရာဇာမင်းမြတ်နှင့် တာဝန်ရှိသူများ၊ သင်တန်းသားများ စုစုပေါင်းအင်အား ၈၀ ဦး တက်ရောက်ကြသည်။

အဆိုပါ သင်တန်းတွင် ဈေးများအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် စနစ်တကျလေ့ကျင့်သင်ကြားပေးခဲ့ပြီး နေပြည်တော် မြို့မဈေး၌ ရေဂါလန် ၂၀၀၀ ဆံ့ ရေသယ်ယာဉ် တစ်စီးကို အသင့်တာဝန်ချထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)