လှိုင်းဘွဲမြို့၌ ဥပဒေဆိုင်ရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

လှိုင်းဘွဲ   ဇွန် ၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ဥပဒေရေးရာ၊ တရားစီရင်ရေးဆိုင်ရာနှင့် ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အသိ ပညာပေးဟောပြောပွဲနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၃)အခြေခံပညာမူလတန်းလွန်ကျောင်း ၌ ဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် လှိုင်းဘွဲမြို့နယ်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး စိုင်းထွန်းထွန်းလှက ကလေးအလုပ်သမားပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ်များကို အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ငွေက ဥပဒေရေးရာ၊ တရားစီရင်ရေးဆိုင်ရာနှင့် ဥပဒေဆိုင်ရာ သိကောင်းစရာများ၊ မြို့နယ်ဥပဒေအထောက်အကူပေးရေးအဖွဲ့မှ ကူညီ ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများအား အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌ ဦးဌေးဝင်းက မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဒီမွန်ကျော်က ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက် လာရေး၊ ဗဟုသုတတိုးပွားလာရေးနှင့်စာပေ၏ အကျိုးကျေးဇူးတို့ကို အသိပညာပေးဟောပြောခဲ့သည်။

ဟောပြောပွဲပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)