ပုဗ္ဗသီရိမြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြော

ပုဗ္ဗသီရိ ဇွန် ၅

၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၃) အခြေခံပညာအထက်တန်း‌ကျောင်း၌ ကျင်းပသည်။

ဦးစွာ ဥတ္တရခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်မျိုးလင်းက အမှာစကားပြောကြားပြီး ဦးစီးအရာရှိ ဦးဗိုလ်စောဝင်းက “ရာသီဥတု‌ ပြောင်းလဲမှုတိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်း‌ဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညီညီဝင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇော်ထွေးက ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ လည်းကောင်း ကျောင်းသား၊ ကျောင်းသူများအား အသီးသီး အသိပညာပေးဟောပြောခဲ့ကြသည်။

ယင်းနောက် ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဆိုင်ရာ Video Clip အား ပြသခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဆိုင်ရာ အသိပညာပေး မေးခွန်းများ မေးမြန်းခဲ့၍ အဖြေမှန်သူများအား တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကာ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားအပြီးတွင် တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များအား လေ့လာကြည့်ရှုခဲ့ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်ကို (ပုဗ္ဗသီရိ)