နေပြည်တော် ဇွန် ၅
၂၀၂၆ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲနှင့် သစ်ပင်စိုက်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)(ရွှေအင်ကြင်း)၌ကျင်းပရာ အခမ်းအနားသို့ လယ်ဝေးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္တာလှိုင်နှင့်တာဝန်ရှိသူများ၊ လယ်ဝေးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးမင်းခန့်နှင့်တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်သည်။
အခမ်းအနားတွင် လယ်ဝေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္တာလှိုင်က အဖွင့်အမှာစကားပြောကြားပြီး ဦးစီးအရာရှိ ဒေါ်အေးမြနန္ဒာကျော်က “ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်- ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လယ်ဝေးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးမင်းခန့်က “မိုးရာသီသစ်ပင် စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့ကြကာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Video Clip ကို ပြသခဲ့သည်။
ဟောပြောပွဲအပြီးတွင် ကျောင်းသား/ကျောင်းသူများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မေးခွန်းများမေးမြန်းခဲ့ကြရာဖြေဆိုနိုင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်သည်။
ဆက်လက်၍ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)(ရွှေအင်ကြင်း)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာဝင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး လယ်ဝေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေးလက်ကမ်းစာစောင်များကိုဖြန့်ဝေခဲ့ပြီး တက်ရောက်လာကြသူများက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးပွဲကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အောင်မျိုးထွန်း (ဒက္ခိဏ)