သံတောင်ကြီး ဇွန် ၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် မွေးစမှအသက် တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့သို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် သံတောင်ကြီးမြို့နယ်ရှိ မွေးစမှအသက်တစ်နှစ်ခွဲ အောက်ကလေးငယ်များကို အသက်အရွယ် အပိုင်းအခြားအလိုက် ပုံမှန်ကာကွယ်ဆေးများဖြစ်သည့် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြေးရောင် ငါးမျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ် ဆေး ထိုးနှံပေးခြင်း၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောဖြစ်စေတတ်သော ရိုတ(Rota) ကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်၊ ဆုံဆို့ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ကျန်းမာရေးဆရာမ ဒေါ်နော်နီကမွီးနှင့် ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သံတောင်ကြီးမြို့နယ်အတွင်းရှိ မွေးစမှအသက်တစ်နှစ်ခွဲအောက် ကလေးငယ်များ ကျန်းမာသန်စွမ်းပြီး ရောဂါဘယကင်းဝေးစေရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ပုံမှန်ကာကွယ်ဆေးများ လစဉ်ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
နော်နော်မူ