ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်အတွင်းရှိ ၂ဝ၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ အသုံးပြုခဲ့သော မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ ထိန်းသိမ်းထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေး

ထားဝယ် ဇွန် ၆

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ ဦးသန်းထွတ်သိန်းတို့နှင့်အတူ တာဝန်ရှိသူများ လိုက်ပါ လျက် ဇွန်(၃)ရက်နှင့် ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်အတွင်းရှိ ၂ဝ၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ အသုံးပြုခဲ့သော မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)များ ထိန်းသိမ်းထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး MEVM မဲပေးစက်ဆိုင်ရာ ကြီးကြပ်မှုကော်မတီဝင်များနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမနှင့် မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာအစည်းအဝေးခန်းမတို့တွင် တာဝန်ရှိသူမျာအား အစည်းအဝေးခန်းမများတွင် တွေ့ဆုံခဲ့ကြသည်။ 

တွေ့ဆုံရာ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲ အတွေ့အကြုံများအပေါ် အားနည်းချက်၊ အားသာချက်များကို သုံးသပ်ပြီး နောင်ကျင်းပမည့် ရွေးကောက်ပွဲများအတွက် ကြိုတင်ပြင်ဆင်ထားရန်လိုကြောင်း၊ ရွေးကောက်ပွဲကျင်းပရာတွင် မဲစာရင်းမှန်ကန်ရေးသည် အလွန်အရေးကြီးသည့်အတွက် သက်ဆိုင် ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့နှင့် လစဉ်တိုက်ဆိုင်၍ စစ်ဆေးရန်လိုကြောင်း၊ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲကို ပြည်သူလူထုမှ စိတ်အားထက်သန်စွာ မဲပေးခဲ့ကြပြီး တရားမျှတသည့် ရွေးကောက်ပွဲ၊ ပြည်သူလူထုထောက်ခံသည့် ရွေးကောက်ပွဲအဖြစ် မှတ်ကျောက်တင်နိုင်ခဲ့ကြောင်း၊ သို့ဖြစ်ပါ၍ နောင်ကျင်းပမည့် ရွေးကောက်ပွဲကိုလည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ကြိုးစားဆောင်ရွက် ပေးကြရန်လိုကြောင်း ဆွေးနွေးမှာကြားသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် MEVM မဲပေးစက်များကို ထိန်းသိမ်းထားရှိသည့် နေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက မဲပေးစက်များသည် ကြီးကြပ်ကန့်သတ် ပစ္စည်းများဖြစ်၍ ထိခိုက်ပျက်စီးမှု မရှိစေရေး အီလက်ထရောနစ်မဲပေးစက် စစ်ဆေးထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်ပါအချက်များဖြစ်သော အီလက်ထရောနစ်မဲပေးစက်များ စစ်ဆေးခြင်း၊ ထားသိုခြင်း၊ စက်များထားရှိသည့် အခန်းအား လေဝင်လေထွက်ရှိရန်ဆောင်ရွက်ရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မိုးရာသီတွင် ရေစိုပျက်စီးမှု၊ စိုထိုင်းဆကြောင့် စက်များထိခိုက်မှု မရှိစေရေး၊ ပိုးမွှားဖျက်စီးမှု အန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ဘတ္ထရီများ စနစ်တကျ ထားသိုရေး အလေးထားဆောင်ရွက်ရန်နှင့် ပုံမှန်စစ်ဆေးခြင်းများ အလေးထား ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)