သံတောင်ကြီး ဇွန် ၆
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်၍ ဥယျာဉ်ခြံလုပ်ငန်းများကို အဓိက စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ လက်ဖက်စိုက်ပျိုးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး လက်ဖက်ရွက်နုများ ထွက်ရှိချိန်တိုင်းတွင် ခူးယူ၍ လက်ဖက်စို၊ လက်ဖက်ခြောက်များ ပြုလုပ်ရောင်းချရပြီး တစ်နှစ်ပတ်လုံးနီးပါး ဝင်ငွေရသည့်အတွက် ဒေသခံတောင်သူများမှာ မိမိတို့ဥယျဉ်ခြံမြေများ၌ လက်ဖက်စိုက်ပျိုးသူများ ပိုမိုများပြားလာကြောင်း သိရသည်။
ယခုဇွန်လ၌ ဒေသခံပြည်သူများမှာ အများအားဖြင့်(၁)နှစ် သားလက်ဖက်ပျိုးပင်များကို စိုက်ပျိုးသည်။ အဆိုပါလက်ဖက်ပင်များ စိုက်ပျိုးပြီး (၅) နှစ်ခန့်တွင် လက်ဖက်အရွက်နုများ စတင်ခူးယူနိုင်သည်။ လက်ဖက်အရွက်နုများမှာ နွေ၊ မိုး၊ ဆောင်း ရာသီတိုင်းတွင် အရွက်နုများ ထွက်ရှိပြီး နွေရာသီအချိန်တွင် လက်ဖက်ခြောက်ပြုလုပ်ခြင်း မိုးတွင်းအချိန်တွင် လက်ဖက်စို ပြုလုပ်ပြီး သံတောင်ကြီးမြို့တွင် သာမက တောင်ငူမြို့ရှိ လက်ဖက်အဝယ်ဒိုင်များတွင် ရောင်းချလျက်ရှိကြောင်း လက်ဖက်စိုက်ပျိုးလုပ်ကိုင်သူတောင်သူ ဦးစောခရစ်ထံက သိရသည်။
နော်နော်မူ