ဟိုပုံး ဇွန် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ “ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့” “A Global Call For Climate Action” အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်က အမှာစကားပြောကြားရာတွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဟာ ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အလွန်ထူးခြားလေးနက်တဲ့နေ့ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့နိုင်ငံအသီးသီးမှာ လှုပ်ရှားဆောင်ရွက်မှုတွေ ကျင်းပပြုလုပ်ခဲ့ကြပါကြောင်း၊ ၁၉၇၂ ခုနှစ်၊ ဇွန်လ(၅)ရက်နေ့ တွင် ပထမဆုံးအကြိမ်ကုလသမဂ္ဂလူသားနှင့် ပတ်ဝန်းကျင်ညီလာခံ (United Nations Conference on the Human Environment)ကို ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့၌ကျင်းပနိုင်ခဲ့ပါကြောင်း၊ အဆိုပါ ညီလာခံကျင်းပသည့် ဇွန်လ(၅)ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ပါ ကြောင်း၊ ဒီကနေ့မှာကျရောက်တဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့” ဆိုတဲ့ ဆောင်ပုဒ်နှင့် အညီ ရာသီဥတုပြောင်းလဲ လျှော့ချရေးဆိုင်ရာလုပ်ငန်းတွေမှာ နိုင်ငံသူနိုင်ငံသားများအားလုံး တာဝန်ကိုယ်စီ၊ လက်တွဲညီညီဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းပြောကြားသည်။ ထို့နောက် ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အသိပညာပေး Video Clip အား ပရိုဂျက်တာဖြင့်ပြသသည်။
ယင်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခွန်သိန်းရွှေတို့က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)