ကျောက်မဲမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

​ကျောက်မဲ ဇွန် ၅

​ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ရပ်ကွက်(၈)ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။

​ရှေးဦးစွာ ကျောက်မဲခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းက အဖွင့်အမှာစကား ပြောကြားသည်။

​ထို့နောက် "ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့" ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲတွင် ဆုရရှိကြသော အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဝင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်ဇော်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ကျောက်မဲခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး ဗီဒီယိုများပြသခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင် (၂၅၀) စောင်တို့ကို ဖြန့်ဝေပေးခဲ့သည်။

​အဆိုပါ အခမ်းအနားသို့ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

​ခရိုင်ပြန်/ဆက်