နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း နေပြည်တော်အတွင်း ထေရ်ကြီးဝါကြီးဆရာတော်ကြီးများနှင့် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ဦးဆောင်ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲအခမ်းအနားသို့ တက်ရောက်

နေပြည်တော် ဇွန် ၅

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပသည့် နေပြည်တော်အတွင်းရှိ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများနှင့် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ဦးဆောင်ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲအခမ်းအနားသို့ တက်ရောက်သည်။
ဦးစွာ နမော တဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး တပ်ကုန်းမြို့၊ မြို့ရှေ့စန္ဒာရုံကျောင်းတိုက် ပဓာနနာယက၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဘဒ္ဒန္တစန္ဒသိရီ သက်တော်ရှည်ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ယင်း‌နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက သာသနာရေးဆိုင်ရာများလျှောက်ထားပြီး ဆရာတော်ကြီးများမှ ဩဝါဒကထာမိန့်ကြားတော်မူကြသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက သက်တော်ရှည်မြို့ရှေ့ စန္ဒာရုံဆရာတော်ကြီးထံ လှူဖွယ်ဝတ္ထုပစ္စည်းများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများကိုလည်းကောင်း ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်ကြီးများထံမှ သဗ္ဗတိယော စသော မေတ္တာအာသီသဂါထာတော်များကို နာယူကြည်ညိုကြသည်။

ယင်းနောက် လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒ ပေါက်မြိုင်ဆရာတော်ကြီးထံမှ အနုမောဒနာဩဝါဒကထာ နာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)