ဇမ္ဗူသီရိမြို့နယ်၌ အသက်(၃)နှစ်မှ (၅)နှစ် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း(၂/၂၀၂၆)ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ဇွန် ၅

အသက်(၃)နှစ်မှ (၅)နှစ် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်း (၂/၂၀၂၆)ဖွင့်ပွဲ အခမ်းအနားကို ဇွန် ၂ ရက်နေ့က ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ သင်တန်းသူများ/ သင်တန်းသားများ တက်ရောက်သည်။

ဦးစွာ နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ယခုဖွင့်လှစ်မည့်သင်တန်းသည် ၂၀၂၆ခုနှစ်အတွင်း ပထမအကြိမ်ဖွင့်လှစ်မည့် သင်တန်းဖြစ်ပြီး ရှေးဦးအရွယ်က‌လေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာနည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးနှင့် ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေရန်ရည်ရွယ်ပြီးဖွင့်လှစ်မည့် သင်တန်းတစ်ခုဖြစ်ပါကြောင်း၊ ကလေးသူငယ်များသည် နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးသည့် အရင်းအမြစ်များဖြစ်သောကြောင့် ကလေးသူငယ်ပြုစု‌စောင့်ရှောက်ရေးနည်းလမ်းများကို ပြည်သူလူထုက လက်လှမ်းမှီသိရှိစေရန်နှင့် ထိုနည်းလမ်းကောင်းများကို ပြည်သူများသိရှိစေရေးနှင့် လိုက်နာဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများအားလုံးက ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ပေးနိုင်ရန် အထူးလိုအပ်ပါကြောင်း၊ မူကြိုဆရာမများအနေဖြင့် ကလေးများ၏ဖွံ့ဖြိုးတိုးတက်မှုနှင့် သင့်လျော်သည့် မူလတန်းကြိုကျောင်းများဖြစ်စေရေးအတွက် နွေးထွေးမှု၊ လုံခြုံမှုရှိပြီး ကလေးများနှင့် ရင်းနှီးကျွမ်းဝင်သောပတ်ဝန်းကျင်ဖြစ်စေရန်၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ စာရိတ္တနှင့် ပေါင်းသင်းဆက်ဆံရေးတိုးတက်မှုများကို အထောက်အပံ့ကောင်းများအဖြစ် ပံ့ပိုးပေးနိုင်စေရန်၊ ကလေးများ၏အသက်အရွယ်အလိုက် ဖွံ့ဖြိုးမှုနှင့်လျော်ညီသော လုပ်ဆောင်မှုများရရှိနိုင်စေရန် စသည့်အချက်များကို အလေးထားဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ စံပြုထိုက်သောမူကြိုဆရာမများ၊ ကလေးပြုစုစောင့်ရှောက်သူများဖြစ်စေရေးနှင့် ကလေးများဘက်စုံ ဖွံ့ဖြိုး‌စေရန်အတွက် သင်ယူရာနေရာကောင်းများဖန်တီးပေးနိုင်သော ဆရာမများ ဖြစ်စေရေး အားထုတ်ကြိုးပမ်း ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ထို့နောက် သင်တန်းသူ၊သင်တန်းသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကာ အခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)