နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း နေပြည်တော်အတွင်း စား‌ရေရိက္ခာ ဖူလုံရေးနှင့်စိုက်ပျိုး၊ မွေးမြူရေးကဏ္ဍမြှင့်တင်ရေးအတွက် အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

နေပြည်တော် ဇွန် ၅

နေပြည်တော်အတွင်း စား‌ရေရိက္ခာဖူလုံရေးနှင့်စိုက်ပျိုး၊ မွေးမြူရေးကဏ္ဍမြှင့်တင်ရေးအတွက် အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ အစည်းအဝေးသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စိုက်ပျိုး/မွေးမြူရေး မွေးမြူရေးကဏ္ဍမြှင့်တင်ရေးအတွက် အကောင်အထည်ဖော်ရေး ကော်မတီဝင်များ တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက အမှာစကားပြောကြားရာတွင် စားရေရိက္ခာ ဖူလုံရေးကော်မတီကို စားရေရိက္ခာမပြတ်လပ်စေရန်၊ သီးနှံနှင့် မွေးမြူရေးကဏ္ဍများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရေရှည်တည်တံ့သော ဗျူဟာများ ဖော်ဆောင်နိုင်ရန်ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ကော်မတီဝင်များအနေဖြင့် ချမှတ်ထားသော မူဝါဒများ၊ မဟာဗျူဟာများနှင့်အညီ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ဒေသအလိုက် သတ်မှတ်ထားသော ပန်းတိုင်သီးနှံအထွက်နှုန်းများနှင့် အသား၊ ငါး ထုတ်လုပ်မှုရည်မှန်းချက်များ ပြည့်မီစေရေးအတွက် လိုအပ်သော သွင်းအားစုများ (မျိုးစေ့၊ မြေဩဇာ) နှင့် စိုက်ပျိုးစရိတ်ချေးငွေများ တောင်သူများလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိရေး အနီးကပ်ကြီးကြပ်ရန် လိုအပ်ကြောင်း၊ ထို့ပြင် ဒေသတွင်း စားသုံးဆီဖူလုံရေး၊ အခြေခံစားသောက်ကုန် စျေးနှုန်းတည်ငြိမ်ရေးတို့အတွက် စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရန်နှင့် ရေရှည်အတွက် ဆည်၊ ကန်၊ တာတမံများကို ပြုပြင်ထိန်းသိမ်းကာ စိုက်ပျိုးရေ လုံလောက်စွာရရှိရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သားငါးကဏ္ဍတွင်လည်း GAHP စနစ်ကျင့်သုံးရေး၊ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ရေးနှင့် သုတေသနရလဒ်များကို အခြေခံသည့် စိုက်ပျိုးမွေးမြူရေးနည်းပညာများ လက်တွေ့ကျကျ ကူညီပံ့ပိုးပေးရန်တို့ကို အလေးထားဆွေးနွေးကာ သက်ဆိုင်ရာဌာနများအလိုက် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက် ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွတ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)