မှော်ဘီမြို့ သာသနာ့ဗိမာန်တော်ကြီး၌ ရက် "၁၀၀" စီမံချက်တွင်ပါဝင်သော ယာဉ်အန္တရာယ် ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မှော်ဘီ ဇွန် ၄

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၉) နာရီအချိန်က မှော်ဘီမြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီးခန်းမ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မှော်ဘီမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ယာဉ်စည်းကမ်းလိုက်နာရမည့်အချက်များ ဟောပြောခြင်း၊ မြန်မာ့အာမခံလုပ်ငန်း (ရုံးချုပ်) မှ ဒုတိယအထွေထွေမန်နေဂျာ ဒေါ်မေသန္တာက သူတစ်ပါးထိခိုက်မှု အာမခံအကြောင်းဟောပြောခြင်း၊ မှော်ဘီယာဉ်ထိန်းရဲတပ်ဖွဲ့စု (၆၄) မှ ဒုရဲမှူးအောင်ဇော်က မှော်ဘီမြို့နယ်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာနှင့်ပတ်သက်၍ ဟောပြောခြင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်း (ခရိုင်) ရုံးမှ ဦးစီးအရာရှိ ဦးကျော်ကျော်ခိုင်ထွန်းက ယာဉ်စည်းကမ်းများလိုက်နာရန်နှင့် ရှောင်ကျင်ရန်အချက်အလက်များကိုပြောကြားရာတွင် ဆိုင်ကယ်မောင်းနှင်သူများအနေဖြင့် ဦးထုပ်ဆောင်းရန်မေးသိုင်းကြိုးတပ်ရန်လိုအပ်ကြောင်း၊ ယာဉ်မောင်းသူများအနေဖြင့် အရက်သေစာသောက်စားမောင်းနှင်ခြင်း၊ အရှိန်ပြင်းစွာမောင်းနှင်ခြင်း၊ ယာဉ်တစ်စီးနှင့်တစ်စီး အရှိန်ပြင်းစွာမောင်းနှင်ကျော်တက်ခြင်း၊ ဖုန်းပြော၍မောင်းနှင်ခြင်းများ၊ မစင်မချင်မောင်းနှင်ခြင်းများ မပြုလုပ်ကြရန်နှင့် မြို့တွင်း/မြို့ပြင် မောင်းနှင်ရာတွင် သတ်မှတ်မိုင်နုန်းဖြင့်သာ မောင်းနှင်ရမည်ဖြစ်ကြောင်းမိမိတို့အနေဖြင့် ယာဉ်မောင်းသူသည် ယာဉ်မောင်းလိုင်စင်များရှိထားရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီးနောက် ယာဉ်ထိန်းတာဝန်ရှိသူများမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့သည်။

အဆိုပါဟောပြောပွဲသို့ မှော်ဘီမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းထွန်း၊ မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး ကျော်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်၊ မြန်မာ့အာမခံလုပ်ငန်း (ရုံးချုပ်) မှ ဒု/မန်နေဂျာ ဒေါ်မေသန္တာ၊ မှော်ဘီအမှတ် (၆၄) ယာဉ်ထိန်းတပ်ဖွဲ့မှ ဒုတိယရဲမှူးအောင်ဇော်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (မြောက်ပိုင်းခရိုင်ရုံး) မှ ဦးစီးအရာရှိ ဦးကျော်ကျော်ခိုင်ထွန်း၊ ဖိတ်ကြားထားသောဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ယာဉ်ထိန်းတပ်ဖွဲ့စု (၆၄) ယာဉ်ထိန်းတပ်ဖွဲဝင်များ၊ မှော်ဘီမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအသီးသီးမှ ပြည်သူများ (၅၀၀) ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝင်းဇော်(ပြန်/ဆက်)