ပြင်ဦးလွင် ဇွန် ၄
လူငယ်ကဏ္ဍကိုမြှင့်တင်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက မန္တလေး တိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်လွန်းနန်းထွေးက ဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြင်ဦးလွင်ခရိုင်အမျိုးသမီးရေးရာအဖွဲ့၀င် ဒေါ်မိမိလေးက “ရည်ရွယ်ချက်/ရည်မှန်းချက်ရှိသော ခေတ်မီလူငယ်” ခေါင်းစဉ်ဖြင့်ဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူ ၅ ဦးမှ သိလိုသည်များ မေးမြန်းခဲ့ရာ တာ၀န်ရှိသူများက မေးမြန်းချက် များအား ပြန်လည်ဖြေကြားခဲ့သည်။
ဆက်လက်ပြီး စိတ်ပါ၀င်စားစွာမေးမြန်းခဲ့သော ကျောင်းသား၊ ကျောင်းသူများအား တာ၀န်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများသည် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး နံရံကပ် စာစောင်များ၊ သုတ၊ ရသစာအုပ်များ ခင်းကျင်းပြသပေးသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၂၅၀)ဦး တက်ရောက်ခဲ့သည်။
သွေးသွေး (ခရိုင် ပြန်/ဆက်)