ကော့သောင်း ဇွန် ၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် မျိုးကောင်းမျိုးသန့် ပျိုးပင်များထုတ်လုပ်ဖြန့်ဖြူးနိုင်ရန်နှင့် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း(GAP)စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ပြီး တောင်သူများ လက်တွေ့စိုက်ပျိုးထုတ်လုပ်တတ်စေရန်၊ ဒေသတွင်း ဟင်းသီးဟင်းရွက်များဖူလုံပြီး ခေတ်မီစိုက်ပျိုးနည်းစနစ်များဖြင့် တောင်သူများကိုယ်တိုင်စိုက်ပျိုး တတ်လာစေရန်နှင့် အလုပ် အကိုင်အခွင့်အလမ်းများ ရရှိကာ တစ်ဦးချင်းဝင်ငွေတိုးတက်ပြီး လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာန၊(၁၀)မိုင်ဥယျာဉ်ခြံတွင် ဟင်းသီးဟင်းရွက်များ၊ သီးပင်၊ စားပင်များ စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။
အဆိုပါ ဥယျာဉ်ခြံအတွင်း ဟင်းသီးဟင်းရွက်များ၊ စင်တင်သီးနှံများနှင့် ဥယျာဥ်ခြံ နှစ်ရှည်သီးနှံများအနေဖြင့် ပဲဇောင်းလျား၊ ကြက်ဟင်းခါး၊ ပဲတိုင်ထောင်၊ ခဝဲ၊ သခွား၊ ငရုတ်၊ ကန်ဇွန်း၊ ချဥ်ပေါင်၊ ရုံးပတီ၊ ကင်ပွန်းချဉ်၊ ဆူးပုပ်၊ နာနတ်၊ အစေ့လွတ်မာလကာ၊ အုန်းချိုမွှေး၊ ပိန္နဲ၊ ဒူးရင်း၊ ကြက်မောက်၊ ကွမ်းသီး၊ ကော်ဖီ၊ ကိုကိုး၊ လိမ္မော်၊ ပိုးစာ၊ ဇော်စိမ်း၊ သစ္စာပန်းပင်များ စိုက်ပျိုးထားရှိပြီး ဥယျာဉ်ခြံဦးစီးမှူး ဒေါ်ရီရီစိန်မှ ကော့သောင်းမြို့အမှတ်(၂)အခြေခံပညာနှင့် စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် အကျိုးဆောင်တောင်သူများ၊ ဥယျာဉ်ခြံစိုက်ပျိုးသည့် တောင်သူများအား ဖိတ်ကြား၍ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးသင်တန်းများ၊ ကွင်းသရုပ်ပြပွဲများဆောင်ရွက်လျက်ရှိသည်။
ယခုနှစ် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း အဆိုပါဥယျာဉ်ခြံအတွင်း ကော်ဖီ ၅၀၀၀၀ ပင်၊ ကြက်မောက် ၃၀၀ ပင်၊ မင်းဂွတ် ၁၅၀ ပင်၊ ဒူးရင်း ၃၀၀ ပင်၊ သီဟိုဠ် ၂၀၀ပင်၊ အုန်း ၁၀၀ပင်၊ ပိန္နဲ ၁၅၀ ပင်၊ ငရုတ်ကောင်း ၅၀၀ ပင် ပျိုးထောင်ထားရှိပြီး မိုးရာသီစိုက်ပျိုးချိန်အမီ ကော့သောင်း မြို့နယ်အတွင်းမှ တောင်သူများအား ပျိုးပင်များ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)