တပ်ကုန်းမြို့၌ တောင်သူကိုယ်တိုင် ပူးပေါင်းပါဝင်သော စပါးသီးနှံမျိုးစေ့ထုတ်နည်းပညာပေးသင်တန်း ဖွင့်

တပ်ကုန်း ဇွန် ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပသည့် တောင်သူကိုယ်တိုင်ပူးပေါင်းပါဝင်သော စပါးသီးနှံမျိုးစေ့ထုတ်နည်းပညာပေးသင်တန်းကို ဇွန် ၄ ရက် နံနက်ပိုင်းက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

သင်တန်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်မြင့်မိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးမင်းထွန်းက ၂ဝ၂၆ -၂ဝ၂၇ခု၊ အဓိကသီးနှံများပန်းတိုင်ရရှိရေး ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ သီးနှံများစိုက်ပျိုးရာတွင် အခြေခံအကျဆုံးလိုအပ်ချက်ဖြစ်သည့် မျိုးကောင်း၊ မျိုးသန့်အသုံးပြုစိုက်ပျိုးနိုင်ရေး၊ သီးနှံအထွက်နှုန်းကောင်း၍ အရည်အသွေးကောင်းမွန်ပြီး  ဈေးကွက်ကောင်းရရှိ ရေး၊ ကိုယ့်မျိုးကိုယ်ထားစနစ်တကျမျိုးသန့်ပွားများရေး၊ တောင်သူကိုယ်တိုင် ပူးပေါင်းပါဝင်သော စပါးသီးနှံမျိုးစေ့ထုတ် နည်းပညာပေးသင်တန်း ဖွင့်လှစ်သင်ကြားရခြင်း ရည်ရွယ်ချက်များ ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျားသေအိုင်၊ မြောက်မြိုက်၊ ညောင်လွန့်၊ အောင်မြေရိပ်သာရှေ့တန်းစခန်းများမှ စပါးစိုက်တောင်သူ ၃၅ ဦးတက်ရောက်၍ သင်တန်းနည်းပြဆရာများက စပါးသီးနှံမျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းစဉ်အဆင့်များနှင့် အရည်အသွေးထိန်းသိမ်းခြင်းဆိုင်ရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်