ရှမ်းပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ကျိုင်းတုံမြို့နယ်အတွင်း သစ်တောပျိုးဥယျာဉ်များအား ကြည့်ရှုစစ်ဆေး

ကျိုင်းတုံ ဇွန် ၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်း သစ်တောပြုန်းတီးမှုလျော့နည်းစေရေးနှင့် သစ်တော်ဖုံးလွှမ်းမှုတိုးတက်စေရေးအတွက် ရှမ်းပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုင်းဝမ်းလှိုင်းတစ်ပ်နှင့် တာဝန်ရှိသူများသည် ကျိုင်းတုံမြို့နယ်၊ ပန်ကြူကြိုးပြင်ကာကွယ်တော၊ ရေဝေရေလဲ (ထင်းရှူး၊ ခါတော်မီ)စိုက်ခင်းနှင့် ကျိုင်းဖောင်းအမြဲတမ်းပျိုးဥယျာဉ်တို့အား ဇွန် ၃ ရက်က ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုင်းဝမ်းလှိုင်းတစ်ပ်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်း၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများသည် ကျိုင်းတုံမြို့နယ်၊ ပန်ကြူကြိုးပြင်ကာကွယ်တော၊ ရေဝေရေလဲ(ထင်းရှူး၊ ခါတော်မီ) စိုက်ခင်းအတွင်း ထင်းရှူးနှင့် ခါတော်မီအပင် စိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။ ထို့နောက် ကျိုင်းတုံမြို့ ကျိုင်းဖောင်းအမြဲတမ်းပျိုးဥယျာဉ်အတွင်း ပျိုးပင်များ စိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးသည် ကျိုင်းတုံသစ်တောခရိုင်ဦးစီးမှူးရုံးတွင် သစ်တောဦးစီးဌာနဝန်ထမ်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနဝန်ထမ်းများနှင့် တွေ့ဆုံရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြည်နယ်သစ်တောဦးစီးမှူးနှင့် တာဝန်ရှိသူများ ဌာနလုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)